ရင်ခုန်ညီ

သံယောဇဉ် အလွမ်းဖြင့် အနမ်းပန်းတို့ ပွင့်ဝေရာ ရင်ခုန်သံညီခဲ့သော နေ့ရက်များ



အားလုံး မင်္ဂလာပါရှင် ... ရွှင်လန်းချမ်းမြေ့ကြပါစေ ...



ချစ်သူ ...

ချစ်သူ


ငါဟာ ရှိတာလေးနဲ့

ဝအောင်စားတတ်သူပါ ...

ခွက်ထဲမှာတစ်ဝက်ပဲရှိရင်တောင်မှ

တစ်ဝက်ပြည့်နေပါလားဆိုပြီး

နေတတ်ခဲ့သူပါ ...

မင်းနဲ့တွေ့မှ

လောဘတွေကြီးတတ်ခဲ့မှန်း

မင်းလည်းအသိ ...

အပြည့်မရရင် မလိုချင်တာ ဘာကြောင့်လဲ

နည်းနည်းမှ မစဉ်းစား

တစ်ယောက်တည်းစွဲချက်တင်

တစ်ယောက်တည်း အမိန့်ချ

လုပ်ချင်ရာလုပ် ...

မင်းလုပ်ခဲ့သမျှ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့

သည်းခံခွင့်လွှတ်ရင်း ...

မင်းဟာ ကိုယ့်ရဲ့ အမြဲတမ်းချစ်သူ ...

မြို့ကလေးနှင့် သူမ


ထိုမြို့လေးသို့ အလည်ရောက်ခဲ့တုန်းက ထိုမြို့လေးတွင် သူမ နေဖြစ်လိမ့်မည်ဟု လုံးဝ မစဉ်းစားခဲ့မိ။ အလုပ်ကိစ္စကြောင့်သာ ထိုမြို့လေးသို့ ရောက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရောက်တော့လည်း တောင်ကုန်းအထပ်ထပ်နှင့် ပင်လယ်နှင့်နီးသော မြို့ကလေးက သူမအား အခြေချနေထိုင်ရန် မဆွဲဆောင်နိုင်ခဲ့။ သူမ ပင်လယ်ကို ချစ်သည်မှန်သော်လည်း သူမနေထိုင်သော တိုင်းပြည်မှာ ဘယ်မြို့မှာပဲနေနေ ပင်လယ်နှင့် မိုင် ၅၀ ထက် ပိုမဝေးသောကြောင့် ပင်လယ်သို့ အပတ်စဉ်သွားလိုက သွားနေနိုင်သည်ပဲလေ။ သို့သော် အလွန်အားပြင်းသော မုန်တိုင်းတစ်ခု သူမ၏ ဘ၀ထဲသို့ ၀င်ရောက်တိုက်ခတ်သွားပြီး အလဲလဲအပြိုပြို ဖြစ်နေချိန်မှာ ထိုမြို့ကလေးသို့ ဒုတိယအကြိမ် အလုပ်ကိစ္စဖြင့် သူမ ရောက်ခဲ့ရပါသည်။ ရုံးမှ သူမနေထိုင်ရန်အတွက် တောင်ကုန်းပေါ်မှ အထပ်မြင့် တိုက်တစ်လုံး၏ တိုက်ခန်းတစ်ခန်းတွင် စီစဉ်ပေးထားသည်။ ရောက်ရောက်ချင်းညနေမှာပင် ထိုမြို့ကလေးက သူမအား စတင် ဖမ်းစားတော့သည်။ သူမနေထိုင်ရာ အခန်း၏ အိပ်ခန်းပြတင်းမှ လှမ်းကြည့်လိုက်လျှင် လှေခါးထစ်များကဲ့သို့ ဖြစ်နေသော အိမ်များအား လှမ်းမြင်နေရပြီး တစ်ထစ်နှင့် တစ်ထစ်အကြား ခြံစည်းရိုးသဖွယ် ကာထားသော အရိုး အပြိုင်းပြိုင်းနှင့် ထင်းရူးပင် များအားကြည့်ရသည်မှာ ကိုယ့်ပိုင်နက်ကို ကာကွယ်နေသူများသဖွယ် ... ထိုမှတစ်ဖန် ချိုင့်ဝှမ်းထဲမှ အိမ်များ ထင်းရူးပင်တန်များ ထိုမှတစ်ဆင့်ချင်း ပြန်တက်သွားသော အိမ်တန်းများ ... အိုး နေ၀င်ရီတရောမှာ လှနေလိုက်တဲ့ မြို့ကလေး။ ထိုအိမ်ခန်းလေး မျက်နှာမူရာမှာ အဝေးပြေးလမ်းမတစ်ခုလည်း ရှိနေသေးသည်။ ထိုအဝေးပြေးလမ်းမမှ ကားသံများ ကတော့ သူမအား အနည်းငယ် အနှောက်အယှက် ပေးလေသည်။ မြို့ပြမှာ နေခဲ့သော သူမအတွက်တော့ အဝေပြေးလမ်းမမှ အသံများသည် အရေးပေါ် လူနာတင်ကားများနှင့် ရဲကားသံများလောက် စိတ်အနှောက်အယှက် မပေးပေ။ ဗိုက်အနည်းငယ် ဆာလာသော အချိန်တွင် သူမ ထိုင်ရာမှထကာ မီးဖိုခန်းထဲသို့ ၀င်လာချိန်တွေ့ရသော မြင်ကွင်းကတော့ သူမအနှစ်သက်ဆုံးမြင်ကွင်းများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော အရိုး အပြိုင်းပြိုင်းနှင့် သစ်ပင် ဖြတ်ပိုင်းများ ပြတင်းပေါက်ဖက် အနည်းငယ်တိုးကြည့်လိုက်ပါက တစ်ပင်လုံးကို မြင်ရသော်လည်း သူမထိုင်ရာ ထမင်းစားပွဲမှ ကြည့်လျှင်တော့ သူမအလွန် နှစ်သက်သော မြင်ကွင်းလေးပါပဲ။ ပထမညနေရဲ့ ဒုတိယ အကြိမ်မှာတင် ထိုမြို့ကလေးက သူမအား အပြည့်အ၀ ဆွဲဆောင်ထားနေပေပြီ။


လမ်းလျှောက်သည်ကို နှစ်သက်သော သူမအဖို့တော့ နာရီဝက်ဆိုသော ခရီးသည် အပမ်းမကြီးလှပေ။ ထို့ကြောင့် နောက်နေ့ညနေရုံးဆင်းချိန်တွင် သူမ ဘတ်(စ်) ကား စီးမည့်အစား ဘူတာရုံမှ နေ၍ ခေတ္တ နေထိုင်ရာ ရိပ်မြုံလေးဆီသို့ လမ်းလျှောက်ပြန်ရန်ဆုံးဖြတ်လိုက်သည်။ သူမ ဆုံးဖြတ်ချက်မှန်ကန်သွားပါသည်။ အပြန်လမ်းသည် တောင်ကုန်းပေါ်မှ တဖြည်းဖြည်းချင်း ဆင်းလာသော လမ်းကလေး ဖြစ်သောကြောင့် မြို့ကလေး၏ အလှကိုပိုမြင်ရလေသည်။ ဘူတာရုံမှ ထွက်လာပြီး ဆယ်မိနစ်လောက်အထိတော့ မြို့ပြ၏ အငွေ့အသက်များနှင့်ဘာမှအခြား တိုက်များ၊ ကလေးကစားကွင်းနှင့် ပန်းခြံ။ အဲ တစ်ခုတော့ ထူးခြားပါသည် ထိုမြို့ကလေး၏ ကလေးကစားကွင်းနှင့် ပန်းခြံထဲတွင် ဆောင်းတွင်းဖြစ်သော်လည်း သက်ကြီးရွယ်အိုအချို့နှင့် ကလေး အချို့တို့ရှိနေသေးသည်။ ဆယ်မိနစ်ခန့် လျှောက်အပြီးတွင် သူမတစ်နေကုန် မောလာမျှတို့အား ပျောက်သွားစေနိုင်သည့် မြင်ကွင်းအား သူမတွေ့လိုက်ရပါသည်။ အကယ်၍ သူမသာ ပန်းချီဆရာ တစ်ယောက် ဖြစ်ခဲ့ပါက ဟူသော အတွေးမျိုး ၀င်လာနိုင်သည် အထိ ထိုမြင်ကွင်းက သူမအား ဖမ်းစားခဲ့ပါသည်။ ၀င်လုဆဲဆဲ နေရောင်အောက်မှ တောင်ကုန်း အောက်တွင် မြို့နှစ်မြို့ အကြား ဖြတ်သန်းစီးဆင်းနေသော မြစ်၊ ထိုမြစ်၏ တစ်ဖက်တစ်ချက်တွင် စီတန်းပေါက်နေသော အရိုးအပြိုင်းပြိုင်း သစ်ပင်များ သစ်ပင်များ၏ တစ်ဖက်စီတွင် အိမ်တန်းများနှင့် တိုက်တန်းများ ဟိုး တောင်တန်းများပေါ်မှ အိမ်များနှင့် သစ်ပင်တန်းများ အိုး ... လှလိုက်တဲ့ မြင်ကွင်း ...။ သူမအား ထိုမြို့ကလေးက ဖမ်းစားသော နောက်တစ်ခုမှာ ထိုမြို့ကလေးမှ လူများပင်ဖြစ်သည်။ သူတို့သည် မြို့ပြမှလူများကဲ့သို့ အချိန်ကိုလု အလုပ်မလုပ် ကြပေ။ တစ်ဦးနှင့် တစ်ဦး ဆုံသော အခါ အနည်းဆုံးတော့ ပြုံးပြနှုတ်ဆက် ကြသည်။ မျက်နှာစိမ်းဖြစ်သော သူမအားလည်း အနည်းဆုံးတော့ အသိအမှတ်ပြု ပြုံးပြသွားကြသည်။ ထိုအချိန်မှစ၍ သူမစိတ်ထဲတွင် နွေးထွေးခင်မင်စရာ ကောင်းသော ထိုမြို့ကလေးတွင် အခြေချနေလိုစိတ်များဖြင့် ပြည့်နှက် နေတော့သည်။ လုပ်ငန်းများပြီးစီး၍ ပြန်ချိန်ရောက်သောအခါ မြို့ကလေးအား စိတ်မကောင်းစွာဖြင့်ပင် သူမနှုတ်ဆက်ခဲ့ပါသည်။


မြို့ကလေးမှပြန်လာပြီးနောက် အသားမကျသေးသောနှလုံးသားဖြင့် မြို့ပြ၏ ပုံမှန်တစ်နေ့တာလုပ်ငန်းများထဲတွင် သူမ ဆက်လက်စီးမျောနေရပါသည်။ သို့နှင့် တစ်နေ့တွင်သူမ၏အထက်အရာရှိမှ ထိုမြို့ကလေးတွင် သူမလုပ်ဆောင်နေရသော တာဝန်များနှင့် သက်ဆိုင်သောအလုပ်လုပ်ရန်အတွက် လူတစ်ယောက် လိုနေကြောင်း ထိုနေရာတွင် လူစားမရမီ သူမ ခေတ္တ သွားလုပ်ပေးနိုင်ပါက လုပ်ပေးရန် အကူအညီတောင်းလာသောအခါ သူမ ၀မ်းမြောက်ဝမ်းသာဖြင့် လက်ခံခဲ့ ရုံသာမက ဖြစ်နိုင်ပါက သူမအား ထိုမြို့ကလေးတွင် အမြဲတမ်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန် အကူအညီပေးနိုင်ပါက ပေးရန်ပါ တောင်းဆိုခဲ့မိပါသည်။
သေသောသူကြာရင်မေ့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသည့် စကားပုံ ရှိသော်လည်း သေလည်း မသေ ပျောက်လည်း မပျောက်ဘဲ မြင်နေလျက်နှင့် ဘ၀ထဲက ထွက်ခွာသွားသူ အတွက်ကျတော့ဘယ်စကားပုံသုံးမလဲ? နေရာဒေသ အပြောင်းအလဲနှင့် အချိန်သည် ရင်ထဲမှဝေဒနာအား ကုစားပေးနိုင်ပါသလား? လုံးဝ ပျောက်ကင်းအောင် ကုစားမပေးနိုင်သော်လည်း အနည်းငယ်သက်သာလာအောင် တော့ ကုစားပေးနိုင်ကောင်းပါရဲ့ ဟူသော မျှော်လင့်ချက်ဖြင့် ကမ္ဘာမြေအား အဖော်လုပ်ကာ သူမချစ်သော မြို့ကလေးဆီသို့ ... ။

နောက်ဆုံး ...


ပင်လယ်ကိုချစ်တဲ့ သူမအတွက်ကတော့ ဒီမြို့လေးက နေချင့်စဖွယ်ပါပဲ။ ရာသီဥတုကောင်းတဲ့ညနေတွေမှာ ရုံးကနေ အိမ်ခန်းကို တန်းမပြန်ပဲ ပင်လယ်ဖက်ကိုသွား ပြီးတော့ နေ၀င်ခါနီး ငှက်တွေ အိပ်တန်းတက်ချိန်ကျမှ သူတို့နဲ့ အတူတူ အိမ်ပြန်ရသည်ကိုလည်း သူမ မက်မောသည်လေ။ ညနေဖက်တွေမှာ သူမသတိထားမိသလောက် ငှက်ကလေးတွေကို တစ်ကောင်တည်းမတွေ့ရတတ် အနည်းဆုံးလေးငါးကောင်အုပ်စုလေးတွေ၊ တစ်ခါတစ်လေကျရင် အကောင် နှစ်ဆယ်ပတ်ဝန်းကျင်လောက်တောင်ရှိမလားမသိ တွေ့ရတတ်တယ်။ ဒီလိုနေလာရင်းနဲ့ပဲ သူမလည်း ဒီမြို့လေးမှာ နေသားကျသလောက်ဖြစ်လာချိန်။ အဲဒီနေ့က သူမထုံးစံအတိုင်း ပင်လယ်ဖက်ကို လမ်းလျှောက်ထွက်လာတော့ ကမ်းခြေမှာလူတော်တော်ရှင်းပြီး ရာသီဥတုကလည်း မှောင်စပျိုးနေချိန် ခါတိုင်း တွေ့နေကျငှက်တွေတောင်မရှိတော့ ဒါနဲ့ပဲပင်လယ်ဖက်ကို ငေးကြည့် နေမိတဲ့အချိန် လူတစ်ယောက်ပင်လယ်ဖက်ကို လမ်းလျှောက်သွားနေတာ သတိထားလိုက်မိတယ်။ သူမ ပထမတော့ ကမ်းခြေစောင့်တစ်ယောက်ယောက်က ကမ်းစပ်မှာ လူရှိမရှိ လိုက်ကြည့်တယ်ပဲထင်လိုက်မိသေးတယ်။ ကြည့်နေရင်းကနေပဲ အဲဒီလူက တစ်ဖြည်းဖြည်းနဲ့ ရေနက်ထဲကို ဆင်းသွားတာတွေ့လိုက်ရတယ်။ သူမစိတ်ထဲမှာ ထင့်ကနဲတစ်ချက်ဖြစ်သွားပြီး မသွားဖို့ လှမ်းအော်လိုက်မိသေးသည်။ လေသံ ရေသံတွေနဲ့မို့ပဲ မကြားတာလား၊ မကြားဟန် ဆောင်နေတာလားတော့ မသိ ထိုလူကတော့ ရေနက်ထဲသို့ တဖြည်းဖြည်း ဆက်ဆင်းသွားနေသည်။ သူမလည်း ယောင်ပြီး ကြည့်နေမိပြီး နောက်ဆုံး ထိုလူအား သူမမျက်စိရှေ့ကနေ လုံးဝမတွေ့ရ တော့တဲ့အခါကျမှ သူမကမ်းခြေစောင့်အား ရှာဖို့သတိရသည်။ ကမ်းခြေစောင့် အဖိုးအို ကိုတွေ့တော့ သူမမြင်သမျှအား ပြောပြရာ သူလည်း သူ့အခန်းလေးထဲမှ ကြည့်နေကြောင်း ဒီနေ့ညနေ သူမမှလွဲ၍ ကမ်းခြေတွင် လူတစ်ယောက်မှမရှိကြောင်း သူမကိုတောင် ခဏနေလျှင် ပြန်ဖို့ လာပြောမည်ဟု စဉ်းစားနေကြောင်း သူမ အမြင်မှားတာဖြစ်မည်ဟုပြောပြီး သူမအား အိမ်ခန်းသို့ ပြန်ရန်သာ တွင်တွင် ပြောတော့သည်။ သူမလည်း ဘယ်လိုမှ ပြောမရတဲ့အဆုံး လက်လျှော့ပြီး အိမ်ခန်းလေးသို့ ပြန်လာခဲ့တော့သည်။ ထိုညက သူမ တစ်ညလုံး အိပ်လို့မရ မိုးလင်းတော့လည်း အလုပ်သာသွားရသည် ထိုမြင်ကွင်းက မျက်စိထဲက မထွက်။ အလုပ်ရောက်တော့လည်း ရေဒီယိုသတင်းကို တစ်ချိန်လုံး ဖွင့်ထားပြီး ဒီနေ့မနက် အရှေ့မြောက်ကမ်းခြေ မှာ လူပေါ်တယ်ဆိုတဲ့သတင်းဘယ်အချိန်များ ပါလာမလဲ ဆိုပြီး နားထောင်နဲ့ တစ်နေ့လုံး ဘာအလုပ်မှလည်း ကောင်းကောင်း မလုပ်နိုင်။ နေရထိုင်ရတာ ဘယ်လိုမှအဆင်မပြေနဲ့ ညနေဖက် နေသာတာတောင် ကမ်းခြေဖက်သို့ မသွားပဲ အိမ်ခန်းလေးသို့ပဲ တန်းပြန်လာလိုက်မိတော့တယ်။ ထိုညကလည်း သူမတစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ မိုးလင်းသွားပြန်သည်။ ပင်လယ်ဖက်သို့လည်း မသွားဖြစ် ပင်လယ်ထဲ ဆင်းသွားသော လူကသာ သူမကို နှောက်ယှက်လို့နေသည်မှာ တစ်ပတ်ခန့် ရှိသွားသည်။ နောက်ဆုံးတော့ သူမ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆယ်ရက်ခန့်အကြာ ထိုနေ့ညနေက ရာသီဥတုမျိုးရှိတဲ့ တစ်ညနေမှာ ပင်လယ်ဖက်သို့ သူမထွက်လာခဲ့သည်။ ထိုနေရာမှပဲ သူမ ပင်လယ်ဖက်ဆီသို့ တဖြည်းဖြည်းချင်းလှမ်းလျှောက်နေသည်။ အကယ်၍ ပင်လယ်စောင့်အဖိုးအိုသည် သူ့အခန်းလေးထဲမှ သူမအားတွေ့ခဲ့လျှင် လှမ်းအော်ခေါ်မည်လား၊ အကယ်၍ မတွေ့ခဲ့လျှင်လည်း သူမပြန်သွားပြီး အဖိုးအိုအား ထိုနေ့က သူမမြင်တာပါဟု သူမ သက်သေပြနိုင်ပေမည်။ ထိုသို့ စဉ်းစားရင် ရေထဲသို့တဖြည်းဖြည်းနဲ့ ရောက်မှန်းမသိ ရောက်လာချိန် ထိုနေ့ကလူအား ကျွန်မမျက်စိရှေ့တွင် တွေ့လိုက်ရသည်။ ထိုအလူက ကျွန်မအား သူ့နောက်သို့ လိုက်ခဲ့ရန် လက်ရပ်ခေါ်နေသည်။ သွားသင့် မသွားသင့် စဉ်းစားနေချိန်တွင် သူမမှ ကျွန်မအား ခုခံစားနေရတဲ့ စိတ်ညစ်တာတွေအားလုံး ပျောက်သွားချင်ရင် သူနဲ့လိုက်ခဲ့ဟု လှမ်းပြော သံလိုလို ကြားလိုက်သည်။ ထိုအချက်ကို ကျွန်မ အရမ်းစိတ်ဝင်စားသွားသည်။ သူမစိတ်ထဲမှာလည်း ဒီစိတ်ခံစားမှုတွေကနေ လွတ်မြောက်ချင်နေချိန်မဟုတ်လား။ ကျွန်မလည်း လွတ်မြောက်ရေးကို စဉ်းစားရင်း တဖြည်းဖြည်းနဲ့ ရေနက်ထဲသို့ ရောက်မှန်းမသိရောက်လာသည်။ ပထမတော့ ရေတွေပါးစပ်ထဲသို့ ၀င်လာသည် ထို့နောက်နှာခေါင်းထဲသို့ ပင်လယ်ရေငန်တွေနှာခေါင်းထဲဝင်လာချိန်မှာ သူမ ပထမဆုံး သတိရလိုက်တာ သူမရေမကူးတတ်ဘူးဆိုတာပဲ သူမ အသိပြန်ဝင် လာချိန်မှာ အရာ အားလုံးကနောက်ကျသွားခဲ့ပြီ၊ ထိုအချိန်မှာ သူမရေမွန်းနေပြီ နောက်ဆုံး လှိုင်းအကြီးကြီးတစ်လုံး သူမကို ၀င်ဆောင့်လိုက်တာမှတ်မိပြီး ဘာမှသတိမရတော့။ ဘယ်တွေရောက်လို့ ရောက်မှန်းလည်း မသိတော့ နောက်ဆုံး သူမသတိရတော့ သူမအနားမှာ ဆေးရုံဝန်ထမ်းတွေနဲ့ ရဲတွေ၊ ကမ်းခြေစောင့် အဖိုးအိုလည်း ပါလေသည်။ သူတို့ပြောနေသော အသံများကိုတော့ ကျွန်မကြားနေ ရသည်။ ကမ်းခြေစောင့်အဖိုးအိုမှ ဒီကလေးမက ကမ်းခြေကို လာနေကျပါ။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတောင် ကျွန်တော့်ကိုရှာပြီး ရေထဲကို လူတစ်ယောက် ဆင်းသွားတာတွေ့တယ်လို့ ပြောသေးတယ်။ ဒီနေ့ ကျွန်တော်သူ့ကို ကျွန်တော့် အခန်းထဲကနေတွေလို့ အိမ်ပြန်ဖို့ ပြောမလို့ သူ့ဆီကို လာတာ ဒီလည်းရောက်ရော ကလေးမလေးကို မတွေ့တော့ ဟိုဟိုဒီဒီ ခဏရှာပြီး အခန်းပြန်ရင်း အော်သံလိုလို ကြားလို့ ပြန်လှည့်အလာမှာ သူ့ကို ဒီလိုတွေ့တော့တာပါပဲ။ ထိုအချိန်မှာ သူမ ကမ်းခြေစောင့်အဖိုးအိုအား စကားလှမ်းပြောသော်လည်း အဖိုးအိုက သူမအသံကို မကြား၊ ဒါဆိုရင် သူမသေသွားခဲ့ပြီးပြီလား၊ ဒါဆိုရင် ဘယ်သူမှန်တာလဲ။ စသည့် မေးခွန်းတွေကို သူမ မေးနေမိပါသည်။ သူမ တကယ်ပဲ လွတ်မြောက်သွားခဲ့ပြီလား။ မကြာခင်အချိန်မှာ အားလုံးကို သူမမေ့သွားတော့မှာလား။ အားလုံးကို မမေ့ခင်မှာ သူမတစ်ခုတော့ ဖြစ်ချင်ပါသေးသည်။ ဘာလဲဆိုတော့ ပျော်ရွှင်နေတဲ့ သူမဘ၀ကို စိတ်ဆင်းရဲမှုတွေပေးခဲတဲ့သူကိုတွေ့ပြီး သူမ သူ့ကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အားလုံးကနေ လွတ်မြောက်တော့မယ်ဆိုတဲ့အကြောင်းကို သူမရဲ့ ထုံးစံအတိုင်း ရယ်မော ပျော်ရွှင်စွာနဲ့ ပြောပြခဲ့ချင်ပါသေးသည်။