
ပင်လယ်ကိုချစ်တဲ့ သူမအတွက်ကတော့ ဒီမြို့လေးက နေချင့်စဖွယ်ပါပဲ။ ရာသီဥတုကောင်းတဲ့ညနေတွေမှာ ရုံးကနေ အိမ်ခန်းကို တန်းမပြန်ပဲ ပင်လယ်ဖက်ကိုသွား ပြီးတော့ နေ၀င်ခါနီး ငှက်တွေ အိပ်တန်းတက်ချိန်ကျမှ သူတို့နဲ့ အတူတူ အိမ်ပြန်ရသည်ကိုလည်း သူမ မက်မောသည်လေ။ ညနေဖက်တွေမှာ သူမသတိထားမိသလောက် ငှက်ကလေးတွေကို တစ်ကောင်တည်းမတွေ့ရတတ် အနည်းဆုံးလေးငါးကောင်အုပ်စုလေးတွေ၊ တစ်ခါတစ်လေကျရင် အကောင် နှစ်ဆယ်ပတ်ဝန်းကျင်လောက်တောင်ရှိမလားမသိ တွေ့ရတတ်တယ်။ ဒီလိုနေလာရင်းနဲ့ပဲ သူမလည်း ဒီမြို့လေးမှာ နေသားကျသလောက်ဖြစ်လာချိန်။ အဲဒီနေ့က သူမထုံးစံအတိုင်း ပင်လယ်ဖက်ကို လမ်းလျှောက်ထွက်လာတော့ ကမ်းခြေမှာလူတော်တော်ရှင်းပြီး ရာသီဥတုကလည်း မှောင်စပျိုးနေချိန် ခါတိုင်း တွေ့နေကျငှက်တွေတောင်မရှိတော့ ဒါနဲ့ပဲပင်လယ်ဖက်ကို ငေးကြည့် နေမိတဲ့အချိန် လူတစ်ယောက်ပင်လယ်ဖက်ကို လမ်းလျှောက်သွားနေတာ သတိထားလိုက်မိတယ်။ သူမ ပထမတော့ ကမ်းခြေစောင့်တစ်ယောက်ယောက်က ကမ်းစပ်မှာ လူရှိမရှိ လိုက်ကြည့်တယ်ပဲထင်လိုက်မိသေးတယ်။ ကြည့်နေရင်းကနေပဲ အဲဒီလူက တစ်ဖြည်းဖြည်းနဲ့ ရေနက်ထဲကို ဆင်းသွားတာတွေ့လိုက်ရတယ်။ သူမစိတ်ထဲမှာ ထင့်ကနဲတစ်ချက်ဖြစ်သွားပြီး မသွားဖို့ လှမ်းအော်လိုက်မိသေးသည်။ လေသံ ရေသံတွေနဲ့မို့ပဲ မကြားတာလား၊ မကြားဟန် ဆောင်နေတာလားတော့ မသိ ထိုလူကတော့ ရေနက်ထဲသို့ တဖြည်းဖြည်း ဆက်ဆင်းသွားနေသည်။ သူမလည်း ယောင်ပြီး ကြည့်နေမိပြီး နောက်ဆုံး ထိုလူအား သူမမျက်စိရှေ့ကနေ လုံးဝမတွေ့ရ တော့တဲ့အခါကျမှ သူမကမ်းခြေစောင့်အား ရှာဖို့သတိရသည်။ ကမ်းခြေစောင့် အဖိုးအို ကိုတွေ့တော့ သူမမြင်သမျှအား ပြောပြရာ သူလည်း သူ့အခန်းလေးထဲမှ ကြည့်နေကြောင်း ဒီနေ့ညနေ သူမမှလွဲ၍ ကမ်းခြေတွင် လူတစ်ယောက်မှမရှိကြောင်း သူမကိုတောင် ခဏနေလျှင် ပြန်ဖို့ လာပြောမည်ဟု စဉ်းစားနေကြောင်း သူမ အမြင်မှားတာဖြစ်မည်ဟုပြောပြီး သူမအား အိမ်ခန်းသို့ ပြန်ရန်သာ တွင်တွင် ပြောတော့သည်။ သူမလည်း ဘယ်လိုမှ ပြောမရတဲ့အဆုံး လက်လျှော့ပြီး အိမ်ခန်းလေးသို့ ပြန်လာခဲ့တော့သည်။ ထိုညက သူမ တစ်ညလုံး အိပ်လို့မရ မိုးလင်းတော့လည်း အလုပ်သာသွားရသည် ထိုမြင်ကွင်းက မျက်စိထဲက မထွက်။ အလုပ်ရောက်တော့လည်း ရေဒီယိုသတင်းကို တစ်ချိန်လုံး ဖွင့်ထားပြီး ဒီနေ့မနက် အရှေ့မြောက်ကမ်းခြေ မှာ လူပေါ်တယ်ဆိုတဲ့သတင်းဘယ်အချိန်များ ပါလာမလဲ ဆိုပြီး နားထောင်နဲ့ တစ်နေ့လုံး ဘာအလုပ်မှလည်း ကောင်းကောင်း မလုပ်နိုင်။ နေရထိုင်ရတာ ဘယ်လိုမှအဆင်မပြေနဲ့ ညနေဖက် နေသာတာတောင် ကမ်းခြေဖက်သို့ မသွားပဲ အိမ်ခန်းလေးသို့ပဲ တန်းပြန်လာလိုက်မိတော့တယ်။ ထိုညကလည်း သူမတစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ မိုးလင်းသွားပြန်သည်။ ပင်လယ်ဖက်သို့လည်း မသွားဖြစ် ပင်လယ်ထဲ ဆင်းသွားသော လူကသာ သူမကို နှောက်ယှက်လို့နေသည်မှာ တစ်ပတ်ခန့် ရှိသွားသည်။ နောက်ဆုံးတော့ သူမ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆယ်ရက်ခန့်အကြာ ထိုနေ့ညနေက ရာသီဥတုမျိုးရှိတဲ့ တစ်ညနေမှာ ပင်လယ်ဖက်သို့ သူမထွက်လာခဲ့သည်။ ထိုနေရာမှပဲ သူမ ပင်လယ်ဖက်ဆီသို့ တဖြည်းဖြည်းချင်းလှမ်းလျှောက်နေသည်။ အကယ်၍ ပင်လယ်စောင့်အဖိုးအိုသည် သူ့အခန်းလေးထဲမှ သူမအားတွေ့ခဲ့လျှင် လှမ်းအော်ခေါ်မည်လား၊ အကယ်၍ မတွေ့ခဲ့လျှင်လည်း သူမပြန်သွားပြီး အဖိုးအိုအား ထိုနေ့က သူမမြင်တာပါဟု သူမ သက်သေပြနိုင်ပေမည်။ ထိုသို့ စဉ်းစားရင် ရေထဲသို့တဖြည်းဖြည်းနဲ့ ရောက်မှန်းမသိ ရောက်လာချိန် ထိုနေ့ကလူအား ကျွန်မမျက်စိရှေ့တွင် တွေ့လိုက်ရသည်။ ထိုအလူက ကျွန်မအား သူ့နောက်သို့ လိုက်ခဲ့ရန် လက်ရပ်ခေါ်နေသည်။ သွားသင့် မသွားသင့် စဉ်းစားနေချိန်တွင် သူမမှ ကျွန်မအား ခုခံစားနေရတဲ့ စိတ်ညစ်တာတွေအားလုံး ပျောက်သွားချင်ရင် သူနဲ့လိုက်ခဲ့ဟု လှမ်းပြော သံလိုလို ကြားလိုက်သည်။ ထိုအချက်ကို ကျွန်မ အရမ်းစိတ်ဝင်စားသွားသည်။ သူမစိတ်ထဲမှာလည်း ဒီစိတ်ခံစားမှုတွေကနေ လွတ်မြောက်ချင်နေချိန်မဟုတ်လား။ ကျွန်မလည်း လွတ်မြောက်ရေးကို စဉ်းစားရင်း တဖြည်းဖြည်းနဲ့ ရေနက်ထဲသို့ ရောက်မှန်းမသိရောက်လာသည်။ ပထမတော့ ရေတွေပါးစပ်ထဲသို့ ၀င်လာသည် ထို့နောက်နှာခေါင်းထဲသို့ ပင်လယ်ရေငန်တွေနှာခေါင်းထဲဝင်လာချိန်မှာ သူမ ပထမဆုံး သတိရလိုက်တာ သူမရေမကူးတတ်ဘူးဆိုတာပဲ သူမ အသိပြန်ဝင် လာချိန်မှာ အရာ အားလုံးကနောက်ကျသွားခဲ့ပြီ၊ ထိုအချိန်မှာ သူမရေမွန်းနေပြီ နောက်ဆုံး လှိုင်းအကြီးကြီးတစ်လုံး သူမကို ၀င်ဆောင့်လိုက်တာမှတ်မိပြီး ဘာမှသတိမရတော့။ ဘယ်တွေရောက်လို့ ရောက်မှန်းလည်း မသိတော့ နောက်ဆုံး သူမသတိရတော့ သူမအနားမှာ ဆေးရုံဝန်ထမ်းတွေနဲ့ ရဲတွေ၊ ကမ်းခြေစောင့် အဖိုးအိုလည်း ပါလေသည်။ သူတို့ပြောနေသော အသံများကိုတော့ ကျွန်မကြားနေ ရသည်။ ကမ်းခြေစောင့်အဖိုးအိုမှ ဒီကလေးမက ကမ်းခြေကို လာနေကျပါ။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတောင် ကျွန်တော့်ကိုရှာပြီး ရေထဲကို လူတစ်ယောက် ဆင်းသွားတာတွေ့တယ်လို့ ပြောသေးတယ်။ ဒီနေ့ ကျွန်တော်သူ့ကို ကျွန်တော့် အခန်းထဲကနေတွေလို့ အိမ်ပြန်ဖို့ ပြောမလို့ သူ့ဆီကို လာတာ ဒီလည်းရောက်ရော ကလေးမလေးကို မတွေ့တော့ ဟိုဟိုဒီဒီ ခဏရှာပြီး အခန်းပြန်ရင်း အော်သံလိုလို ကြားလို့ ပြန်လှည့်အလာမှာ သူ့ကို ဒီလိုတွေ့တော့တာပါပဲ။ ထိုအချိန်မှာ သူမ ကမ်းခြေစောင့်အဖိုးအိုအား စကားလှမ်းပြောသော်လည်း အဖိုးအိုက သူမအသံကို မကြား၊ ဒါဆိုရင် သူမသေသွားခဲ့ပြီးပြီလား၊ ဒါဆိုရင် ဘယ်သူမှန်တာလဲ။ စသည့် မေးခွန်းတွေကို သူမ မေးနေမိပါသည်။ သူမ တကယ်ပဲ လွတ်မြောက်သွားခဲ့ပြီလား။ မကြာခင်အချိန်မှာ အားလုံးကို သူမမေ့သွားတော့မှာလား။ အားလုံးကို မမေ့ခင်မှာ သူမတစ်ခုတော့ ဖြစ်ချင်ပါသေးသည်။ ဘာလဲဆိုတော့ ပျော်ရွှင်နေတဲ့ သူမဘ၀ကို စိတ်ဆင်းရဲမှုတွေပေးခဲတဲ့သူကိုတွေ့ပြီး သူမ သူ့ကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အားလုံးကနေ လွတ်မြောက်တော့မယ်ဆိုတဲ့အကြောင်းကို သူမရဲ့ ထုံးစံအတိုင်း ရယ်မော ပျော်ရွှင်စွာနဲ့ ပြောပြခဲ့ချင်ပါသေးသည်။

0 comments:
Post a Comment